Monday, May 2, 2016

ဝိတိုရိယတောင်ထိပ်သို့ အလည်တစ်ခေါက်

ညက အိပ်တဲ့ “ပန်းဆန်ရွာ” က ရာသီဥတု နည်းနည်းလေး အေးတယ်။ အိပ်ယာက နိုးနေတာတော့ ကြာပြီ အိပ်ယာထဲ နှပ်နေလိုက်သေးတယ်။ မနက်စာ စားပြီးတာနဲ့ ကျောက်ထုကို သွားတယ်။ Laptop နဲ့ စာရွက်စာတမ်း တွေပါတဲ့ အိတ်ကို ကားဂိတ်က အိမ်မှာ အပ်ခဲ့တယ်။ ဆိုင်ကယ်သွားငှားပြီး ပြန်လာတော့ ဘုန်းကြီးတစ်ပါး တွန်းလှည်းလေးကို တွန်းပြီး ဆွမ်းခံတာကို တွေ့ရတယ်။ အထူးအဆန်း မြင်ကွင်းဆိုတော့ အမိအရ မှတ်တမ်းလေး တင်မိပြန်ပါတယ်။ ကျောက်ထုမှာ ဓာတ်ဆီ (၁၅၀၀)ဖိုးစီ ထည့်ပြီး ထွက်လာခဲ့ကြ တယ်။ လမ်းဘေးမှာ ငရုတ်ကောင်း ခြံတွေ တွေ့ရတယ်။ သိန်းရာချီပြီး ရင်းနှီးမြှုပ်နှံထားကြတယ်လို့ သိရ တယ်။ ပန်းနှမ်းခင်းတွေကလည်း ဟိုနား တစ်ကွက် ၊ ဒီနား တစ်ကွက် ။ မိုးနည်းလို့ ထင်တယ် ၊ သိပ်ပြီး မသန်စွမ်းဘူး။ တံတားတွေပေါ်က ဖြတ်တော့ ချောင်း အလယ်ခေါင်မှာ မြောင်းဖော်ပြီး ဘေးတွေမှာဘောင် သဘောမျိုး လုပ်ထားတာကို မြင်ရတယ်။ "ချီချောင်း"ပေါ်မှာ တည်းထားတဲ့ “ကံကြီး” တံတားက,တော့
နှစ်စဉ်နှစ်တိုင်း တောင်ပေါ်မှာ မိုးကြီးပြီး တောင်ကျရေတွေ တရဟော ကျလာတိုင်းအမြဲတမ်း ရေရဲ့နောက်
ကိုပါစမြဲလို့ သိရတယ်။ ချောင်းထဲက ကျောက်တုံးကျောက်ခဲတွေကို အရှိန်အဟုန်နဲ့ထုတ်နေတဲ့ ကျောက် ထုတ် လုပ်ငန်းတွေကိုလည်း တွေ့နေရတယ်။ သိပ်ပြီး ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။

ကျောက်ထုနဲ့ ဆောရဲ့ ကြားထဲမှာ ကားဆက်ပြတ်တယ်ဆိုတာကို တွေ့ရတယ်။ တလမ်းလုံးမှာ ဂျစ်ဘီလူး (၂)စီးပဲ တွေ့ရပါတယ်။ ကျောက်ထုနဲ့ ဆောမြို့က(၂၅ )မိုင် လောက် ဝေးတယ် ။ ကျွန်းတောကြီးက,တော့ တကယ့်ကို သဘောကျစရာ ကောင်းပါတယ်။ တော်တော့ကို ကြီးတဲ့ ကျွန်းပင်ကြီးတွေပါပဲ။ အပွင့်တွေလည်း ပွင့်ပြီးနေခဲ့ပြီ ။ လမ်းတွေချဲ့ပြီး ပြင်နေတာလည်း တလမ်းလုံး ဟိုနားတွေ့ ဒီနားတွေ့ ၊ လမ်းလုပ်သားတွေရဲ့ ဘ၀တွေက သနားစရာ ၊ မိုးကာတဲကို အိမ်လုပ်ပြီး ဟိုရွှေ့ ဒီရွှေ့နဲ့ ရေမျောကမ်းတင် ဘ၀တွေရယ်ပါ။ တနေရာမှာတော့ တရုတ်ထော်လာဂျီ အကြီးစားတစ်စင်းရပ်လို့ အလုပ်သမားတွေရဲ့ ပုံက လမ်းသွားလမ်းလာတွေရဲ့ အရိပ်အခြေကို ကြည့်နေသလိုပဲ။ အတွင်းပိုင်းမှာ လှဲထားတဲ့ သစ်တွေကို တင်မလို့ လုပ်နေပုံရတယ်။ ကျောက်ထုနဲ့ ဆောက (၂၄)မိုင် (၆)ဖာလုံ ဝေးတယ်။ ဆောနားက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ (၁၀၀၀)ကျပ် ဖိုးစီ ထည့်ခဲ့ ကြတယ်။ မြို့ထဲကိုတော့ မ၀င်တော့ဘူး ၊ လမ်းခွဲက,နေ ကန်ပက်လက်ကို တက်ခဲ့ကြတယ်။ ဆောနဲ့ ကန်ပက်လက် မြို့က (၁၂)မိုင်ဝေးတယ်။ 

လမ်းခွဲကနေ တက်လိုက်တာနဲ့ တလမ်းလုံး တောက်လျှောက် အတက်ချည်းပဲ။ တနေရာမှာတော့ ချိန်းဆော သမား သားအဖကို တွေ့မိ ၊ သစ်သယ်တဲ့ ဆိုင်ကယ် (၂)စီးလည်း တွေခဲ့တယ်။ View Point ကို ရောက်တော့ ဓာတ်ပုံလေး ဘာလေး ၀င်ဆွဲလိုက်သေးတယ်။ လမ်းဘေးက သစ်ပင်ကြီးတွေပေါ်မှာ သစ်ခွတွေမှ အများကြီးပဲ။ မြွေလိမ်မြွေကောက် လမ်းတလျောက် လမ်းတွေ ချဲ့ပြီး လမ်းပြင်နေတာတွေ့က ဟိုနားတစ်စ ဒီနားတစ်စ ပါ။ မျက်လုံးတွေထဲလည်း ဖုန်တွေချည်း လေ။ ကန်ပက်လက်နား နီးလာတော့ ထင်းရူးပင်တွေ အများကြီး တွေ့ရတယ်။ ဒီမြို့လေးအ၀င်မှာ စစ်ဆေးရေးဂိတ် သေးသေးလေးတစ်ခု ရှိတယ်။ မြို့ဝင်ကြေးက ဆိုင်ကယ်တစ်စီးကို ၁၀၀ ကျပ် ။

မြို့လေးက တောင်ထိပ်ကြောပေါ်မှာ တည်ထားတာဆိုတော့ မြေပြန့် သိပ်မရှိဘူး။ လမ်းဘေးဝဲယာ အိမ်တွေက လမ်းပေါ်မှာ မေးတင်ပြီး နောက်က ချောက်ထဲမှာ ။ အိမ်တွေက လေပေါ်ဝဲနေတယ် ။ မြို့တန်းရှည်လေးက ဟိုဖက်ဒီဖက် တော်တော် ရှည်တယ်။ မြို့လည်က ကုန်းလေးပေါ် မှာတော့ ကန်ပက် လက်မြို့မ ရဲစခန်းတဲ့ ၊ လှမ်းမြင်မိတယ်။ မြို့ရဲ့ ဟိုဖက်အထွက် (၁၀)မိုင်ကုန်းဆိုတဲ့ လမ်းခွဲလေးမှာတော့ ဈေးဆိုင်လေးတစ်ဆိုင်မှာ ဓာတ်ဆီဗူး (၃)ဗူးကို အိတ်ကြွတ်နဲ့ ထည့်ခိုင်းတယ်။ အဲဒီနေရာမှာ ရေ၀ယ်တာ မရှိလို့ အအေးဗူးနဲ့ စားစရာဝယ်တယ်။ ဓာတ်ဆီဗူးတွေကို ဆိုင်ကယ်နောက်မှာ ကြိုးတုတ်ပြီး တင်ဖို့ ဆိုင်ကယ်တုတ်ကြိုး (၂)ချောင်းဝယ်တယ်။ တစ်ချောင်း မှ (၃၀၀)ကျပ် ။ နှစ်ချောင်းယူတော့ (၅၀၀)ကျပ်ပဲ ပေးခဲ့ရတယ်။ ဒီမြို့လေးက လူသုံးပစ္စည်းတွေတော့ ဈေးချိုတယ် ၊ အသီးအနှံတွေက တခြားက မှာရလို့ နည်းနည်း ဈေးကြီးတယ်တဲ့ ။ အဲဒီလမ်းခွဲမှာ ညာဖက်ကို သွားရင် မင်းတပ်ကို ရောက်တယ်လို့ သိရတယ်။ တလမ်းလုံး ဘာဆိုင်မှ မရှိဘူး။ လမ်းက,လည်း အလွန်ကြီး မကောင်းဘူးတဲ့။ လမ်းခွဲရဲ့ ဘယ်ဖက်အတိုင်း တက်လာတော့ လူနေအိမ်ခြေတချို့ကို တောက်လျှောက် တွေ့ရတယ်။ ထင်းရူးပင်တွေကို ခွဲပြီး အိမ်တွေ ဆောက်လို့ ၊ အတားအဆီးရှိပုံ မရဘူး။ တလမ်းလုံး ထင်းရူးပင်ကြီးတွေမှ နှစ်ချို့ပင်ကြီးတွေ အားရစရာပဲ။ 

 တနေရာမှာတော့ သဘာဝဘေးဒဏ်ခံရလို့ ပြောင်းရွှေ့လာရတဲ့ ရွာလေး ၊ နာမည်က ကြက်ခြံရွာ ဆိုပဲ ။ ကန်ပက်လက်မှာ ခရစ်ယာန်ကျောင်းတွေတော့ အများကြီးပဲ တွေ့ရတယ်။ တချို့ ကျောင်းတွေက သစ်တွေခွဲပြီး အဆောက်အဦးတွေ ဆောက်လို့ ။ လမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ တိုးချဲ့ရွာလေးတွေလား ၊ ဘာလား မသိ ။ သစ်တွေနဲ့ အိမ်တွေ ဆောက်လို့ ၊ လှမ်းမြင်ရတယ်။ ဆက်ပြီး တက်လာတော့ နိုင်ငံခြားသားတွေ တည်းခိုဖို့ လုပ်ထားတဲ့ ဘန်ဂလို လုံးခြင်းလေးတွေ ထင်ရူးတော တွေထဲမှာ ကဗျာဆန်ဆန်လေးတွေပဲ။ Mountain Oasis (Ecolodges) Resort လို့ ရေးထားတယ် ။ တနေရာမှာ သားအဖနှစ်ယောက် ထင်ပါရဲ့ ။ ကြိမ်ပင်တွေ အများကြီးနဲ့ ၊ ကျောမှာလည်း တူမီးနဲ့ ။ ဘယ်က လာတာလည်း မေးတော့ (၁၆)မိုင် ဝေးတဲ့ နေရာက,လို့ ပြောတယ်။
  နောက်တစ်နေရာ မှာလည်း အကြီးအကျယ် ဆောက်လို့ ၊ Pine Wood Villa လို့ ရေးထားတယ် ။ ခရီးသွားလုပ်ငန်းတွေ လုပ်တာ ကောင်းတော့ ကောင်းပါရဲ့ ၊ သစ်တောတွေတော့ အလွန် ပြုန်းတီးတာပေါ့နော ။ ထင်းရူးပင် မျိုးစိတ်တစ်မျိုးက,လည်း တော်တော်လေး လှတယ်။ ပင်စည်မှာ အကွက်အကွက်တွေ ထလို့ ၊ အပင်ကြီးမျိုးတွေ။ နတ်မတောင် သဘာဝ ကြိုးဝိုင်းဆိုင်းဘုတ်ကို မြင်တော့ ဓာတ်ပုံဆင်းရိုက်ကြတယ်။ သူ့ ဟိုဖက်ကျတော့ ကျောက်ကြမ်းလမ်းကြီး ၊ တော် တော်လေး ရှည်တယ်။ တဒုံးဒုံး တဒိုင်းဒိုင်းနဲ့ပေါ့။ ဒီနေရာမှာလည်း လမ်းတွေ ခင်း ၊ လမ်းတွေ ပြင်နေကြတာ ၊ ရွက်ဖျဉ်တဲတွေ တန်းစီလို့ ။ အပျိုအရွယ်တွေ ၊ အသက်ကြီးသူတွေလည်း မြင်မိတယ်။ ရပ်တည်ရတဲ့ ဘ၀တွေများ သနားရုံကလွဲပြီး ဘာမှ မတတ်နိုင်။ ဒီလိုနဲ့ အတက်က မတ်လာလေလေ ၊ အပင်တွေက ထူးဆန်းလာလေလေ။ အပင်တွေက,လည်း ရေညှိတွေတက်ပြီး ပင်စည်ရော အကိုင်းတွေမှာပါ အသွင်တစ်မျိုးနဲ့ပေါ့။ ရှုခင်းတွေကလည်း ရင်သပ်ရှုမောစရာတွေ။ တောနက်ကြီးထဲမှာ တောက်လျှောက်ကို အတက်တွေ ချည်း။ တချို့နေရာလေးလောက်ပဲ မြေညီတာပါ။
ဒီလိုနဲ့ပဲ ၀ိတိုရိယ တောင်ခြေကို ရောက်လာတယ်။ ဖိုးဝှီးတွေ ရပ်ထားတာ သုံးလေးစီး ။ ခဏနားပြီး သူတို့ရဲ့ စကားပြောမိတယ်။ ညာဖက်က လမ်းအတိုင်း သွားရင် မင်းတပ်ကို ရောက်တယ်။ နည်းနည်းတော့ ဝေးတယ်ဆိုပဲ။ သူတို့က အဲဒီလမ်း အတိုင်း လာခဲ့ကြတာ။ သူတို့ထဲက တစ်ယောက်က တောင်ထိပ်ကို လိုက်ချင်တယ် ဆိုလာတယ်။ အားနာနာနဲ့ ငြင်းရတယ်။ အဲဒီနေရာမှာ ဆက်သွယ်ရေး တာဝါတိုင်ထောင်ဖို့ သံချောင်းတွေ ပုံထားတာ မြင်ရတယ်။ ဧည့်သည် နားနေဆောင်လေးနဲ့ အိမ်သာလည်း တွေ့မိတယ်။ ဒီနေရာကနေ တောင်ပေါ်ကို (၃)မိုင် ဝေးတယ်လို့ ရေးထားတယ်။ အဲဒီနေရာမှာ တောင်ထိပ်အမြင့်က (၁၀၂၀၀) ပေ မြင့်တယ်လို့ ရေးထားတယ်။ ဘယ်ဖက်က မြေကြမ်းလမ်းအတိုင်း တောင်ပေါ်ကို အရှိန်အဟုန် ပြင်းပြင်းနဲ့ တက်လာကြတယ်။ မကြာဘူး ၊ ဖိုးဝှီးတစ်စင်း အရှိန် ပြင်းပြင်းနဲ့ ဆင်းလာတယ်။ အဆင်းသမားက အတတ်သမားကို ဦးစားမပေးဘူး ၊ နားလည်မှု မရှိဘူး။ ခဏနေတော့ ဆောက်လုပ်ရေးလမ်း ရုံးကားထင်တယ် ၊ လူအပြည့်နဲ့ ဆင်းလာ ပြန်တယ်။ ကားကြီးက အမြင့်ကြီး ၊ ကဗျာကယာ ရှောင်ပေးရပြန်တယ်။ ရှုခင်းတွေက,လည်း လှမှ လှ။ အပင်ပုံစံတွေက အာဖရိကလွင်ပြင်ထဲက အပင်တွေ ကျနေတာပဲ ၊ ဘယ်လိုလှမှန်းမသိဘူး။ ဘာပင်ခေါ်မှန်းလည်း မသိဘူး။ ဆက်တက် လာတော့ လမ်းနည်းနည်း ဆိုးလာတယ်။ ဒီလမ်းမှာ ထင်းရူးပင်လုံးဝ မတွေ့ရဘူး။ ကိုယ်မသိတဲ့ အပင်တွေချည်းဘဲ။ လမ်းခွဲမှာ ညာဘက်လမ်းအတိုင်း ဆိုင်ကယ်တွေ ဆင်းလာတာ တွေ့လာရတယ် ။ တောင်ပေါ်ကို ရောက်တော့ စေတီလေးကို မြင်ရတယ်။ ဗီနိုင်းကပ်ထားတဲ့ နေရာတွေ၊ နောက်ကရှု့ခင်းတွေကို ဓါတ်ပုံရိုက်ပါတယ်။ ဟိုးအဝေးမှာတော့ မင်းတပ်မြို့ကို ပြပြလေး လှမ်းပြီး မြင်ရတယ်။ စေတီလေးနားက,နေ အိန္ဒိယတောင်ကြောတွေဘက်ကို ဓါတ်ပုံလှမ်းရိုက်တယ် ၊ ဝေးလွန်းတော့ မမြင်ရနိုင်ဘူး ။ တောင်တွေက အမြင့်ကြီး တွေ ၊ အဲ့ဒီတောင်ကြောတွေပေါ်မှာ မြေကွက်လပ်နှစ်ခု မြင်မိလို့ ဓါတ်ပုံဆွဲရိုက်ကြည့်တော့ ၊ အိမ်လေးတွေကို မြင်ရတယ်။ တော်တော့်ကို ဝေးလွန်းတဲ့နေရာပါ ၊ ဘယ်လိုလူမျိုးတွေ နေမှန်းတော့ မသိ။
ဟိုဖက်ကုန်းထိပ်မှာတော့ ဧည့်သည်အဖွဲ့တွေ ဓါတ်ပုံရိုက်နေကြတယ်။ ဒီဖက်ကို သူတို့ ကူးလာတော့ မိတ်ဆက်ပြီး မေးကြည့်တယ်။ မင်းတပ်က လာကြတာ၊ တချို့က ရန်ကုန်မှာ နေတဲ့ ချင်းတွေ တဲ့။ သူတို့အုပ်စုနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ကြတယ်။ သူတို့ဆင်းလာတဲ့ ကုန်းလေးဆီအသွား ကုန်းရဲ့အခြေမှာ အမှိုက်ထည့်ဖို့ အိတ်လေးတွေကို အင်္ဂလိပ်လိုရော၊ မြန်မာလိုပါ ရေးပြီး စနစ်တကျ လုပ်ပေးထားတာ တွေ့ရတယ်။ ကုန်းပေါ်ကို ရောက်တော့ ရှုခင်းတွေက သိပ်ကို လှလွန်းတယ်။ စကျင် ထိုင် ကိုယ်တော် တစ်ဆူရှိတယ်။ နောက်ပြီး အင်္ဂလိပ်လို ရေးထားတဲ့ လေတိုက်နှုန်းကို ပြတဲ့ ဟာလား မသိဘူး ၊ သံပြားလေးနဲ့ သေချာကို လုပ်ထားတာ။ 
 ကုန်းပေါ်မှာတော့ အမှိုက်တွေ စည်းကမ်းမရှိ ပစ်ထားတာ ၊ နိုင်ငံခြားသားတွေက စနစ်တကျ အမှိုက်ကို စွန့်ပစ်တက်ပေမယ့် ၊ ကိုယ့် လူမျိုးတွေက တော်တော့်ကို အကျဉ်းတန်တဲ့ လုပ်ရပ်တွေကို လုပ်နေကြတုန်း။ ပညာပေး၊ အသိပေးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်နေပြီ။ တောင်ထိပ်မှာ တော်တော့ကို စိမ့်ပြီး အေးတယ်။ လေက,လည်း တဟူးဟူးနဲ့ တိုက်လို့ ။ ကုန်းပေါ်မှာ နေ့လည်စာ အတွက် ယူလာတဲ့ “တင်းဝါး” (ကောက်ညှင်းကျည်တောက်)တစ်ချောင်း ၊ အအေးနှစ်ဗူး ၊ ရေတစ်ဗူး ၊ မုန့်လေးတွေကို အဆာပြေ စားလိုက်တယ်။ တောင်ထိပ်မှာ ရေးထားတာက အမြင့်ပေ (၁၀၂၀၀) ၊ နောက်ထပ် တိုင်း တော့ အမြင့်ပေ (၁၀၅၀၀) ရှိတယ်လို့ သိရတယ်။ လှလိုက်တဲ့ ရှုခင်းတွေက တသက်စာအတွက် အမှတ်တရ ပါ။ 
  အမြင့်ဆုံးတောင်ထိပ်ပေါ်မှာ (မြေပြင်မှာ ကပ်ပြီး) ပွင့်တဲ့ ပန်းကလေးတွေကို မြင်မိတော့ တရုတ်တွေသာ ဆိုရင် ၊ အနှစ် တစ်ထောင်က ရေခဲတောင် ကြာပန်းဆိုပြီး သိုင်းကား လာရိုက်ဦးမယ် ထင်တယ်လို့ တွေးမိသေးတယ်။ ပြန်အဆင်းမှာတော့ ခပ်သွက်သွက်လေး စီးခဲ့တယ်။ တချို့နေရာတွေမှာ ခဏရပ်ပြီး ဓာတ်ပုံရိုက်တယ်။ တနေရာမှာရောက်တော့ ကိုရင့်ရဲ့ ဆိုင်ကယ်က ဘာဖြစ်သလဲ မသိဘူး။ ဆီမလိုက်သလို ဖြစ်ပြီး ၊ နှိုးလို့ မရတော့ဘူး။ ဟိုနှိုက် ဒီနှိုက်နဲ့ မရတော့ ဒုက္ခရောက်ပြီပေါ့။ အပြန်လမ်းက အဝေးကြီး ကျန်သေးတယ်။ နောက်တော့ ကန်ပက်လက် ဆယ်မိုင်ကုန်းက ၀ယ်လာတဲ့ ဆိုင်ကယ်ကြိုးနှစ်ချောင်းကို သတိရမိတယ်။ ဆီဗူးတွေကို ဆိုင်ကယ်ထဲ ထည့် ၊ တစ်ဗူးတော့ လိုရမယ်ရ ချန်ထားရတယ်။ ဆိုင်ကယ်ကို ကြိုးနှစ်ချောင်းကို သေချာလိမ်ပတ်ပြီး အဖျားက ချိတ်လေးတွေကို သေချာ ချိတ် ၊ နောက်တော့ သူ့ဆိုင်ကယ်ကို ဆွဲပြီး ရှေ့က,နေ ထိန်းစီးလာတယ်။ တော်တော်လေး ကြာအောင် ဆွဲပြီးတဲ့ နောက် ၊ လမ်းတွေကို ကျောက်ခင်းတဲ့ နေရာနားကို ရောက်လာတယ်။ သူတို့လည်း အထူးအဆန်းပေါ့ ၊ ကြည့်လို့ ။
နေရောင်က တဖြည်းဖြည်း ကျလာပြီ။ နောက်တော့ ကိုရင်က အဆင်းမှာ လှိမ့်ချပြီး စီးလာမယ်လို့ ပြောလာတယ်။ သူလည်း နောက်က အထိန်းရ ခက်ပုံပါပဲ။ သူ့နောက်က,နေ အေးအေးဆေးဆေးပဲ စီးပြီးလာခဲ့တယ်။ အဆင်းချည်းပဲဆိုတော့ အလာတုန်းက မရိုက်လိုက်ရတဲ့ နေရာတွေမှာ ဓာတ်ပုံဆင်းပြီး ရိုက်တယ်။ ဒီလိုနဲ့ တလမ်းလုံး ရပ်လိုက် ရိုက်လိုက်နဲ့ ဆိုတော့ ၊ စက်နှိုးလို့ မရတဲ့ ကိုရင့် ဆိုင်ကယ်တောင် အစအန မမြင်ရတော့ဘူး။ တနေရာမှာ ကလေးငယ်လေးတွေ ကားလမ်းဘေးမှာ ထိုင်နေတာမြင်လို့ ဓာတ်ပုံရိုက်တယ်။ အောက်က သူ့အမေထင်တယ်။ အိမ်ရှေ့လေးက,နေ ကြည့် လို့ ။ တချို့နေရာတွေမှာ ထင်းရူးပင်တွေကို စည်းကမ်းမရှိ ခုတ်ပြီး ပျဉ်ချပ်တွေ ထုတ်နေတာ မြင်ရတယ်။ နတ်မတောင် သစ်တောကြိုးဝိုင်းကိုတော့ သေချာလေး ထိန်းသိမ်းသင့်နေပြီလို့ တွေးမိတယ် ၊ ကြိုးဝိုင်းကြီးက သိပ်ကို ကြီးကျယ်ပေမယ့် ကြာရင် ကုန်သွားမှာ အလှပျက်သွားမှာကို စိုးရိမ်မိတယ် ။
ဒီလိုနဲ့ အလာတုန်းက ဓာတ်ဆီဗူးခွံ ငှားလာခဲ့တဲ့ ဆယ်မိုင်ကုန်းကို ရောက်လာတယ်။ ဆီဗူးခွံတွေကို ၀င်ပေးခဲ့တယ်။ အဲဒီဆိုင်လေးက ဘာဝယ်ဝယ် ဈေးချိုတယ်။ မန္တလေးအထိ သွားဝယ်တာတဲ့ ။ တစ်လကို တစ်ခေါက် ၊ ကြားထဲ လိုတာတော့ ကားသမားအကြုံနဲ့ ငွေပေးပြီး မှာတယ်ဆိုပဲ။ 

 မြို့ထဲမှာတော့ မြူခိုးတွေ ဝေ့လာလို့ တအားကို အေးနေပြီ။ ကိုရင့် ဆိုင်ကယ်ကို ဘောလုံးကွင်းတွေ အလွန် ၊ ကွေ့လေးက ဆိုင်ကယ်ပြင်ဆိုင်မှာ တွေ့ရတယ်။ တော်တော်လေးလည်း မှောင်လာပြီ ။ နောက်ပိုင်းတော့ စက်က နှိုးလို့ ရသွားပြီ ။ ဒါနဲ့ ဆက်ထွက်လာတယ်။ မြို့ထဲက ဈေးဆိုင်တစ်ဆိုင်မှာ ဆီတစ်ဗူးစီ ထပ်ဝယ်လာတယ်။ လမ်းမှာ မလောက်ငှရင် ၀ယ်စရာ နေရာမရှိဘူးဆိုတော့ အပိုနဲ့မှ ရမယ်။ ဆိုင်က အထွက် ဒုက္ခတော့ ရောက်ပြီ ၊ သူ့ဆိုင်ကယ်က မီးဖွင့်လို့ မရတော့ဘူး။ စောစောက ဆိုင်ကယ်ဆိုင်က ကောင်းလေးက ၊ မေ့ပြီး မီးကြိုးတွေကို ပြန်မတပ် မိတာလား ၊ ၀ိတိုရိယ တောင်ထိပ်ရောက် အမှတ် တရဆိုပြီး တောင်ထိပ်မှာ သေးပေါက်မိလို့ပဲလား။ နတ်မတောင်က နတ်က,တော့ သူ့ကို မ, ပြီ ထင်ပါရဲ့ ။

ဒီလိုနဲ့ပဲ ကိုယ့်ဆိုင်ကယ်က မီးနဲ့ မှေးပြီး ဆင်းလာခဲ့ကြတယ်။ တချက် တချက် ကိုယ့်ဆိုင်ကယ်က မီးက,လည်း မှိတ်တုတ် မှိတ်တုတ်နဲ့ ဖေါက်လာပြီ ။ တစ်လမ်းလုံးလည်း တွေ့ရတာ အတက်သမားဆိုင်ကယ်တွေ ချည်းပဲ။ ကားတွေလည်း တက်လာတာ ခဏခဏ တွေ့လာရတယ်။ ဟိုက ထွက်လာတာ (၆)နာရီ ၊ ဆောမြို့ အ၀င်ရောက်တော့ (၇)နာရီထိုးနေပြီ ။ ဒါနဲ့ပဲ မြို့အ၀င်နားက ထမင်းဆိုင်လေးမှာ ထမင်းစားကြတယ်။ နွားနောက်သားတဲ့ ၊ ဟင်းတွေ က,လည်း စုံလို့ ။ ဆိုင်ရှင်လင်မယားက သဘောကောင်းတယ်။ ယောင်္ကျားက ရန်ကုန်က ၊ သူတို့ သမီးက မုံရွာမှာ စီးပွားရေး တက်နေတယ်။ ငွေကုန်တဲ့အကြောင်းတွေ ညီးပြတယ်။ ကျောက်ထုကို ပြန်ဖို့ ဆိုင်ကယ်မီးတွေက အဆင်မပြေလောက်တော့ဘူး ဆိုတော့ သူ့ဆိုင်မှာပဲ ဒီည အိပ်ရပြီ ။ စောင်တွေ ခေါင်းအုံးတွေ ပေးလာတယ်။ တည်းခငွေ ပေးစရာ မလိုဘူး ၊ ဆိုင်အမည်က “အိပုံ” တဲ့ ။ ဆောမြို့လေးရဲ့ အအေးဒဏ်ကိုတော့ ယောဒေသထွက် စောင်လေးတွေနဲ့ တစ်ညလုံး အံတုရင်း မိုးလင်းခဲ့ရ ။ 
၁၂-၁၂-၂၀၁၅ (စနေနေ့)
" ဝိတိုရိယတောင် နတ်မတောင်သို့ ကားဖြင့် သွားရောက် လည်ပတ်လိုသူများ ၊ ဆိုင်ကယ်ဖြင့် သွားရောက် လည်ပတ်လိုသူများ" ကျောက်ထုမြို့မှ ယောထိပ်တန်းဂိတ်မှူး ဦးနိုင်နှင့် ဆက်သွယ်နိုင် ပါသည် )

 https://www.facebook.com/ko.htayair/media_set?set=a.511213232395517.1073742041.100005205340123&type=3

Friday, April 29, 2016

4/29/2016

ဒီနေ့မှာဘဲဘလော့တခုကိုစတင်ရေးသားဖို့ဆုံးဖြတ်လိုက်ပါတယ်
ကဲ..စပြီဗျို့...